ဒေါက်တာဖေသက်ခင်အားမေးမြန်းခြင်း
Healthcare System တခုလုံးမှာ အားနည်းချက်ကလေး တွေရှိတယ်။ ဒါတွေကိုလည်း ကျနော်တို့က Systems thinking ပေါ့နော်။…
မေး။ ။ အခု COVID-19 ကူးစက်ကပ်ဘေးဖြစ်တဲ့ ကာလမှာ အမျိုးသမီးများဟာ အမျိုးသားများထက် မမျှမတနဲ့ ပိုပြီးတော့ နစ်နာခံစားရမှုတွေ ရှိနေတယ်လို့ ဆိုကြတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။
ဖြေ။ ။ ကိုဗစ်ကတော့ လူမျိုးမခြား၊ ဘာသာမခြား၊ ကျား-မ မခြား အန္တရာယ်ပေးတဲ့ ကပ်ဘေး ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ သက်ရောက်မှုကတော့ အမျိုးသမီးနဲ့ အမျိုးသားကြားထဲမှာ တူညီတဲ့ ကျန်းမာရေး သက်ရောက်မှု ရှိသလို၊ မတူညီတဲ့ လူမှုရေး သက်ရောက်မှုတွေရှိတာ တွေ့ရတယ်။ ပထမဦးဆုံး အချက်ကတော့ ပူပန်မှုပါ။ ပူပန်မှုပေါင်းများစွာထဲမှာ ကျန်းမာရေးကတော့ ယောက်ျားကော၊ မိန်းမကော ပူကြမှာပဲ။ ဒါပေမဲ့ ဒီလိုမျိုး ကိုဗစ်ကာလကြောင့် အလုပ်တွေ မလုပ်ရဘူး၊ တချို့ဆို အလုပ်ကနေ ထွက်လိုက်ရတယ်။ နိစ္စဓူ၀ဝင်ငွေ မရှိတဲ့ကိစ္စမျိုးမှာ အမျိုးသမီးတွေကတော့ အိမ်ထောင့် တာဝန်ထမ်းရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် သာမန်ကျန်းမာရေးအပူတွေတင်မကဘဲ အမျိုးသမီးတွေမှာ အိမ်ထောင်နဲ့ ပတ်သက်ပြီးတော့ ငွေကို ဘယ်လိုမျိုး လောက်အောင်သုံးရမလဲ၊ မိသားစုဝင်အားလုံးအတွက် အဆင်ပြေအောင် ဘယ်လိုလုပ်ပြီး စီမံခန့်ခွဲရမလဲဆိုတဲ့ အိမ်ထောင်သောက ပိုပြီးတော့ များတာတွေ့ရပါတယ်။ တချိန်တည်းမှာလည်း အရင်တုန်းကလို ပုံစံမျိုးမဟုတ်ဘဲနဲ့ ခြိုးခြံချွေတာပြီးတော့ နေထိုင်ရမယ့် အခြေအနေမျိုးတွေ ဖြစ်လာကြတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ အိမ်ထောင်ရှင်အမျိုးသမီးတွေက တခြားသူကို ဦးစားပေးရမယ်၊ တခြားသူကို ပိုပြီးတော့ ဂရုစိုက်ပေးရမယ်ဆိုပြီး သွန်သင်ဆုံးမထားတဲ့ ရှေးရိုးအစဉ်လာ အစွဲတွေကြောင့်ဖြစ်စေ၊ သားကို သခင်၊ လင်ကို ဘုရားဆိုတဲ့ အယူအဆတွေကြောင့်ဖြစ်စေ ရှိတဲ့အစားအစာတွေ၊ ရှိတဲ့အာဟာရတွေကို တခြားသူကို ပိုပြီးတော့ ဦးစားပေး ကျွေးမွေးလိုက်လေ့ ရှိကြတယ်။ ဒီလိုအစဉ်အလာမျိုးကို ကျင့်သုံးတဲ့အခါမှာ အမျိုးသမီးတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ အခက်အခဲ ပိုကြုံလာတာရှိပါတယ်။ အာဟာရချို့တဲတာတွေ၊ ကျန်းမာရေး ထိခိုက်လာတာမျိုးအထိ ဖြစ်တတ်ပါတယ်။
ဒါကတော့ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ကြုံရတဲ့ အမျိုးသမီးဆိုင်ရာ သက်ရောက်မှု ကိစ္စပေါ့နော်။ နောက်တခုကတော့ မိသားစုမှာဖြစ်တဲ့ အိမ်တွင်းအကြမ်းဖက်မှု ကိစ္စပါ။ အိမ်တွင်းအကြမ်းဖက်မှုဟာ ကျနော်တို့ မြန်မာနိုင်ငံမှ မကပါဘူး။ COVID-19 ကာလ အိမ်မှာနေထိုင်ရတဲ့ ကာလအတွင်း နိုင်ငံ အတော်တော်များများမှာလည်း အိမ်တွင်းအကြမ်းဖက်မှု မြင့်လာတယ်ဆိုတာသိရတယ်။ ဒါက ထူးခြားချက်တခုပေါ့။ အဲဒီထူးခြားချက်ကို Gender အမြင်အရ ကြည့်မယ်ဆိုလို့ရှိရင် အိမ်တွင်းအကြမ်းဖက်မှုကို ကျူးလွန်တဲ့သူထဲမှာ အများစုကတော့ လင်ယောက်ျား အမျိုးသားတွေဖြစ်တယ်။ အိမ်ထောင်ဘက် အမျိုးသမီးတွေအပေါ်ကို ကျူးလွန်ကြလေ့ရှိတာဖြစ်တယ်။ ဘာကြောင့်ဖြစ်လဲဆိုတော့ ကိုဗစ်ကာလမှာ ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုကို ထွက်ပေါက်ပေးတဲ့ အရာမျိုး ကျင့်သုံးလို့ဆိုတာ တွေ့ရတယ်။ အရင်လို လက်ဖက်ရည်လည်း ထွက်သောက်လို့မရ၊ ဘီယာဆိုင်လည်း ထိုင်လို့မရ ဖြစ်တဲ့အချိန်မှာ အိမ်ထဲမှာပဲနေရတယ်။ အဲဒီနေသားမကျတဲ့အပေါ်မှာ စိတ်ဖိစီးမှုတွေဖြစ်တယ်။ ဒီစိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့အတွက် နည်းလမ်းရှာတဲ့အခါမှာ အမျိုးသားတွေက ငါတို့ကခွန်အားရှိတယ်၊ အင်အားရှိတယ်၊ အိမ်ထောင်ဦးစီး အိမ်ဦးနတ်ဖြစ်တယ်ဆိုတဲ့ အစွဲတွေကြောင့် ကိုယ့်ရဲ့လက်တွဲဖော် အိမ်ထောင်ဘက် အမျိုးသမီးကို အကြမ်းဖက်မှုတွေ ကျူးလွန်လာတတ်ကြတယ်။ ကိုယ့်မိန်းမကို ကိုယ်ပိုင်တယ်၊ ရိုက်နှက်လို့ရတယ်ဆိုတဲ့ ခံယူချက်ကြောင့် ရိုက်နှက်ဖို့ လက်ယဉ်နေတဲ့သူတွေကို ပိုပြီးတော့ ကျူးလွန်တတ်ကြတာတွေ့ရတယ်။ ဒါကတော့ ကိုဗစ် ကာလမှာ အမျိုးသမီးတွေအပေါ်မှာ ပိုမိုထူးခြားစွာ သက်ရောက်တဲ့ မိသားစုအတွင်း သက်ရောက်မှုလို့ ထောက်ပြချင်ပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ကာလ ၂၀၁၃–၁၆ ခုနှစ်များမှာ အီဘိုလာ ကူးစက်ရောဂါ ဖြစ်ခဲ့တယ်။ အဲဒီကာလပြီးတဲ့ နောက်ပိုင်းမှာ အမျိုးသမီးတွေအပေါ်မှာ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုဖြစ်လာတယ်ဆိုတာမျိုး အာဖရိကနိုင်ငံတွေမှာ တွေ့မြင်ခဲ့ရတယ်။ အခုလက်ရှိ ကိုဗစ်ကာလမှာရော အဲဒီလို လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေ ခေါင်းပုံဖြတ်မှုတွေ ဖြစ်လာနိုင်လားခင်ဗျ။
ဖြေ။ ။ အိမ်အတွင်း၊ မိသားစုအတွင်း လိင်အကြမ်းဖက်မှုကိုတော့ ကျနော်တို့ သေသေချာချာ သုတေသနလေ့လာထားတာတော့ မရှိသေးဘူး။ ဒါပေမဲ့ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အပြင်မထွက်ဘဲ နေထိုင်ရတဲ့အခါ ဆန္ဒမပါဘဲ လိင်ဆက်ဆံရတာမျိုး။ ဒီမိသားစု စီမံကိန်းကို သေသေချာချာ မသိတဲ့အတွက်ကြောင့် အမျိုးသမီးတွေမှာ မလိုလားအပ်ဘဲနဲ့ ကိုယ်ဝန်ရသွားတဲ့ ကိစ္စမျိုးတွေဟာ အိမ်ထောင်ရေးဘဝအတွင်းမှာ ဖြစ်နိုင်တယ်။
ခုနကပြောသလို အာဖရိကမှာ အီဘိုလာ (Ebola) ဖြစ်တုန်းက အမျိုးသမီး ငယ်တော်တော်များများဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ်ဆိုတဲ့ အဖြစ်အပျက်ကိုတော့ ကျနော် တော်တော် သတိထားမိတယ်ဗျ။ ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ဆိုင်ကလုန်း နာဂစ်တုန်းက မြစ်ဝကျွန်းပေါ်မှာ သဘာဝဘေးဒဏ်ဖြစ်တယ်။ မုန်တိုင်းလွန်ပြီးတဲ့အခါမှာ ဒေသခံပြည်သူ တော်တော်များများဟာ အခြေမဲ့အနေမဲ့ ဖြစ်ကုန်ကြတယ်။ ဧရာ၀တီတိုင်းက လူတွေအတော်များများဟာ ရန်ကုန်တိုင်းအပါအဝင် စားဝတ်နေရေး အဆင်ပြေနိုင်မယ့် နေရာသစ်တွေဆီကို ပြောင်းရွေ့လာခဲ့ကြတယ်။ ရတဲ့ အလုပ်ကိုဝင်လုပ်ပြီး ဘဝကို အသက်ဆက်ခဲ့ကြတယ်။ ဒါပေမဲ့ အမျိုးသမီးငယ်တွေ အတော်များများကတော့ အလုပ်လုပ်ဖို့အတွက် အခက်အခဲရှိကြတယ်။ အလုပ်အတွေ့အကြုံမရှိဘူး၊ ပညာအခြေခံနိမ့်တယ်။ ဒါကြောင့် သာမန်အလုပ်တွေရဖို့မလွယ်ဘူး။ ဘယ်နေရာတွေ ရောက်ကုန်ကြလဲဆိုတော့ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေတဲ့လုပ်ငန်းတွေဆီကို ရောက်ရှိသွားကြတယ်။ တချို့ဆိုလို့ရှိရင် လိင်ပိုင်းဆိုင်ရာလုပ်ငန်းတွေမှာ လုပ်ဆောင်ဖို့အတွက် မြူဆွယ်သိမ်းသွင်းခံရတဲ့ ကိစ္စမျိုးတွေ ဖြစ်လာခဲ့ပါတယ်။ အခုကိစ္စမှာဆိုရင်လည်း ကိုဗစ်-၁၉ အလွန် အများကြီး ကြုံတွေ့ရတဲ့ပြသနာတွေထဲမှာ စီးပွားရေးပြဿနာလည်း ပါမှာသေချာတယ်။ နောက်ဆက်တွဲပါလာမယ့် စီးပွားရေး ဘေးဆိုးတွေ အများကြီးဖြစ်လာနိုင်တယ်။ အဲဒီလိုနေရာမျိုးမှာ အမျိုးသမီးငယ်တွေအပေါ် လူကုန်ကူးတာတို့၊ လိင်ပိုင်းဆိုင်ရာ လုပ်ငန်းတွေမှာ အသုံးချတာတို့စတဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ ကိစ္စမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
နောက်ထပ်တခုကတော့ အမျိုးသမီးငယ်လေးတွေကို မိဘအုပ်ထိမ်းသူတွေကိုယ်တိုင်က အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အတင်းအကျပ် အိမ်ထောင်ချပေးတာမျိုးလည်း ဖြစ်လာနိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ စီးပွားရေး အဆင်မပြေတဲ့အခါ အိမ်ထောင်ပြု ပေးလိုက်ခြင်းဖြင့် မိသားစုအတွက် အပူလျော့တယ်ဆိုပြီး တွေးမိတတ်ကြတယ်။ အမျိုးသမီးငယ်တွေ ဘက်ကလည်း မိသားစုကို ကျေးဇူးဆပ်တဲ့အနေနဲ့ မိဘတွေ စီစဉ်ထားတဲ့အတိုင်း လိုက်နာရမယ်ဆိုတဲ့ အစွဲတွေ ရှိထားတာမျိုးကလည်း ရှိထားတယ်။ ဒါကြောင့် အမျိုးသမီးငယ်တွေကို မချစ်မနှစ်သက်တဲ့သူနဲ့ လက်ထပ်ပေးလိုက်တာ၊ အိမ်ထောင်ချပေးလိုက်တာတွ စတဲ့ လူမှုရေးပြဿနာတွေအထိ ဆက်ဖြစ်လာနိုင်ပါတယ်။
မေး။ ။ ကျနော်တို့ စီးပွားရေးဖွံ့ဖြိုးမှု ကိစ္စတွေပြောတဲ့အခါမှာ အမျိုးသမီးတွေရဲ့ စီးပွားရေး စွမ်းဆောင်မှုကို မြှင့်တင်အားပေးရမယ်ဆိုတဲ့ ပုံစံမျိုးတွေ ပြောလာကြတယ်။ အခုလက်ရှိ အစိုးရက ထုတ်ပြန်လိုက်တဲ့ ဘက်စုံ စီးပွားရေး ပြန်လည်ထူထောင်မှု အစီအစဉ် (CREP) လို့ခေါ်တဲ့ စီးပွားရေး ပြန်လည်နာလန်ထူလာဖို့ အစီအစဉ်ဆွဲထားတာ တွေ့ပါတယ်။ ထူးခြားတာက အမျိုး သမီးတွေနဲ့ပတ်သက်လို့ သေသေချာချာ ဖော်ပြထားတာ မတွေ့ရဘူး။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ စီးပွားရေးပြဿနာ ပြန်လည်ထူထောင်ဖို့အတွက် လုပ်ဆောင်တာပဲဖြစ်ဖြစ်၊ အများပြည်သူနဲ့သက်ဆိုင်တဲ့ ပေါ်လစီတွေ စီမံချက်တွေ ချမှတ်တဲ့အခါတိုင်းမှာ ကျား-မ ကွဲပြားမှု မှန်ဘီလူး (Gender Lens ) လို့ခေါ်တဲ့ ကျား-မ မတူညီ ကွဲပြားတဲ့ အမြင်သတ်မှတ်ချက်တွေကို မြင်တတ်ဖို့၊ ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ အမျိုးသမီးတွေအတွက် သတ်မှတ်ထားတဲ့အလုပ်နဲ့ အမျိုးသားတွေအတွက် သတ်မှတ်ထားတဲ့အလုပ်တွေက တူလေ့မရှိပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတောင် “အမျိုးသားများနှင့်သာ လျော်ကန်သင့်မြတ်သည့် ရာထူးတာဝန်များအတွက် အမျိုးသားများအား ရွေးချယ်ခန့်ထားခြင်းကို ဤပုဒ်မအရ အဟန့်အတားမဖြစ်စေရ” လို့ အပိုဒ် ၃၅၂ မှာ ရေးသားထားပါတယ်။ ဆိုလိုတာက အမျိုးသားအလုပ်နဲ့ အမျိုးသမီးအလုပ်ဆိုပြီးတော့ နိုင်ငံတော်ကကော၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာရော၊ လူမှုပတ်ဝန်းကျင်မှာရော သတ်မှတ်ထားတာ ရှိပါတယ်။ အဲဒီတော့ ခုနတုန်းက စီးပွားရေးကိစ္စ ပြန်လည်ထူထောင်ရေးအတွက် လုပ်ဆောင်မယ်ဆိုရင် အမျိုးသားတွေ အများစုလုပ်ကိုင်လေ့ရှိတဲ့ အလုပ်အကိုင် စီးပွားရေးလုပ်ငန်းမျိုးကိုပဲ ဦးတည်ထားမယ်။ ဒါပေမဲ့ အမျိုးသမီးတွေ လုပ်ဆောင်လေ့ရှိတဲ့ အလုပ်အကိုင် စီးပွားရေးလုပ်ငန်းမျိုးတွေကို အလေးမထားဘူး၊ ထည့်သွင်းမစဥ်းစားဘူးဆိုရင် အမျိုးသမီးတွေမှာ အခက်အခဲရှိသွားနိုင်ပါပြီ။ အမျိုးသမီးတွေလုပ်တဲ့ လုပ်ငန်းတွေကို အလုပ်လို့ မသတ်မှတ်ဘူးဆိုရင်လည်း ပြဿနာရှိလာနိုင်ပါသေးတယ်။ အမျိုးသမီးတွေ တပိုင်တနိုင်လုပ်ကြတဲ့ လုပ်ငန်းမျိုးကို အလုပ်လို့မသတ်မှတ်ခဲ့ရင် စီးပွားရေး ပြန်လည်နာလန်ထူထောင်ရေးကိစ္စတွေမှာ မညီမျှတဲ့ ထောက်ပံ့မှုလိုမျိုး ဖြစ်သွားနိုင်ပါတယ်။
စီးပွားရေးလောကမှာ အောင်မြင်တဲ့ အမျိုးသမီးစီးပွားရေးပညာရှင် အနည်းငယ်ကလွဲရင် တော်တော်များများကတော့ အသေးစားစီးပွားရေး၊ အိမ်တွင်းစီးပွားရေးလုပ်ငန်းမျိုးတွေကို လုပ်တာတွေများတယ်။ ဒီလိုမျိုး စီးပွားရေးပြန်လည်ပံ့ပိုးမှုလုပ်ဆောင်တဲ့အခါမှာ လုပ်ငန်းကြီးတွေသာမကဘဲ အမျိုးသမီးတွေ အများဆုံးဦးစီးလုပ်ဆောင်လေ့ရှိတဲ့ အိမ်တွင်းအသေးစား စီးပွားရေးလုပ်ငန်းတွေ၊ တပိုင်တနိုင်လုပ်ဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ထည့်သွင်း စဉ်းစားပြီးတော့ ထောက်ပံ့ပေးဖို့လိုတယ်။
အမျိုးသမီးတွေ ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်း အသေးလေးတွေ ခါးပြတ်ပြီးတော့ ဆက်မလုပ်နိုင်တဲ့ အခြေအနေမျိုး မဖြစ်ဖို့အတွက် အမျိုးသမီးတွေရဲ့ လိုအပ်ချက်ကို မြင်တတ်ပြီး ဖြည့်ဆည်းပေးနိုင်တဲ့ ဗျူဟာကျတဲ့ စီမံချက်မျိုးရှိရပါမယ်။ ဒီလို ကျား-မ အမြင်တွေပါဝင်တဲ့ ဗျူဟာမြောက်စီမံချက်ဖြစ်ဖို့ဟာကလဲ Gender Lens အရ မြင်နိုင်တဲ့ အမြင်မျိုးရှိဖို့က အရမ်းအရေးကြီးပါတယ်။ ဒါမှမဟုတ်လို့ရှိရင်တော့ ကိုဗစ်အပြီးမှာ စီးပွားရေးဦးတည်လာတဲ့ နောက်ပိုင်းမှာ အမျိုးသမီးနဲ့ အမျိုးသားကြားမှာ စီးပွားရေးအနေအထား ကွာဟမှုတွေပိုပြီး ကြီးလာနိုင်တယ်။ ဒီလိုသာကွာဟမှုကြီးလာမယ်ဆိုရင် နောက်ဆက်တွဲ ပါလာနိုင်တဲ့ စီးပွားရေးအပေါ်အခြေခံတဲ့ ပါဝါမညီမျှမှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေအထိ ဦးတည်သွားနိုင်တာကို အခုကတည်းက ကြိုတင်သဘောပေါက်ဖို့ လိုအပ်ပါတယ်။
မေး။ ။ အခုလက်ရှိ ကူညီထောက်ပံ့ရေး အစီအစဉ်မှာ အမျိုးသမီးတွေအတွက်ကို ဦးတည်ထားတဲ့ အစီအစဉ်တွေ ပိုလုပ်ပေးဖို့ လိုအပ်မယ်ပေါ့။
ဖြေ။ ။ ပိုလုပ်ပေးဖို့ လိုအပ်သလို အစီအစဉ်တိုင်း အစီအစဉ်တိုင်းကို လုပ်ဆောင်တဲ့အခါမှာ အမျိုးသမီးတွေအတွက် ထည့်သွင်းပြီးတော့ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဥပမာ စီးပွားရေး ပြန်လည်ကုစားအောင် လုပ်ဖို့ဆိုရင် ဒီအစီအစဉ်တွေထဲမှာ အမျိုးသမီးတွေအတွက် ရရှိနိုင်မယ့် အကူအညီတွေ ဘာတွေကို ဘယ်လိုထည့်ပေးမှာလဲ။ အမျိုးသမီးတွေအတွက် တန်းတူညီမျှမှု ဖြစ်ဖို့အပြင် ရလဒ်တွေတူနိုင်တဲ့ သာတူညီမျှမှု (Equity) ဖြစ်အောင် ဘယ်လိုစီစဉ်ထားလဲ။ အမျိုးသမီးတွေ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ပြန်လည်ဦးမော့လာဖို့ကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ အမျိုးသမီးတွေရဲ့ စီးပွားရေးကဏ္ဍတွေအတွက် လုပ်ဆောင်ပေးရမယ့်အပိုင်းတွေ အများကြီးလိုအပ်ပါတယ်။
တခါတလေကျရင် အမျိုးသမီးတွေက အမျိုးသားထက်စာလို့ရှိရင် လုပ်ငန်းအတွေ့အကြုံ၊ လုပ်ငန်းအခွင့်အလမ်းတွေနဲ့ ရင်းမြစ်တွေ ကွာဟတတ်တဲ့အတွက် သာတူညီမျှမှုကို ဖော်ဆောင်ပေးနိုင်ဖို့ လုပ်ဆောင်ပေးတဲ့ ယာယီ အထူးပြုလုပ်ဆောင်ချက်တွေ လုပ်ရပါလိမ့်မယ်။ ဘာတွေကို ဆိုလိုလဲဆိုရင် အမျိုးသမီးတွေရဲ့ စွမ်းရည်ကို ပိုမိုမြှင့်တင်ပေးတာမျိုးတို့၊ အမျိုးသမီးတွေ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် အထူးအားပေးမှုတို့ကလည်း တချို့သော အမျိုးသမီးတွေအတွက် လိုအပ်မှာ ဖြစ်ပါတယ်။
မေး။ ။ နောက်မေးချင်တာ တခုကတော့ မျိုးဆက်ပွားကျန်းမာရေး (Reproductive health) ကိစ္စပါ။ အခုလို ကပ်ဘေးဖြစ်လာတဲ့အခါမှာ ဆိုလိုတာက ကိုယ်ဝန်ဆောင်ရတဲ့ ကိစ္စမှာလည်း အန္တရာယ်ကင်းကင်းနဲ့ သွားနိုင်လာနိုင်ဖို့ ဆေးခန်းတွေက မရှိတော့ဘူးပေါ့။ ကလေးတွေ ကျန်းမာရေးအတွက်လည်း ပြဿနာ ရှိလာပါတယ်။ အဲဒီအတွက်ရော ဘယ်လိုစဉ်းစားပေးရင် ကောင်းမလဲ။
ဖြေ။ ။ ပထမဦးဆုံးကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ ရင်ခွင်ပိုက်ကလေးနဲ့ မိခင်များရဲ့ကိစ္စတခုကို ကျနော်တို့ စဉ်းစားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ဆောင်တွေ၊ ကလေးမိခင်တွေဟာ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ အာဟာရတွေ ပိုမိုလိုအပ်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ အစားအစာတွေ၊ အာဟာရတွေဟာ အရင်လို လွယ်လွယ်ကူကူနဲ့ မရနိုင်ဘူး။ ဝယ်လို့မရနိုင်တဲ့ အခြေအနေမျိုးရောက်သွားရင် သူတို့တွေအတွက် ပိုဒုက္ခရောက်သွားနိုင်တယ်။ အထူးလိုအပ်တဲ့ သူတို့အတွက် ကျန်းမာရေးအစောင့်အရှောက်တွေ၊ အစားအစာနဲ့ အာဟာရတွေကို အမျိုးသမီးတွေထဲမှာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးရှိတဲ့ မိခင်တွေအတွက် ပိုပြီးတော့ စဉ်းစားဖို့ လိုအပ်တယ်။ ဒါဟာ အခုလိုကပ်ရောဂါဘေး အခြေအနေမှာ အရမ်းအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။
နောက်တခုကတော့ ကိုယ်ဝန်နဲ့ နေ့စေ့လစေ့ဖြစ်တဲ့ အမျိုးသမီးတွေမှာ တကယ်လို့များ အခုကာလအတွင်း ကလေးမွေးရတော့မယ်ဆိုရင် တော်တော်ခက်ခဲမှာဗျ။ ဆေးရုံတွေဆီ သွားဖို့အတွက်ကလည်း ခက်ခဲမှာဖြစ်သလို ဒီသွားလာတဲ့အချိန် အတွင်းမှာပဲ ရောဂါတွေ ကူးစက်နိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက် ပိုအန္တရာယ်ရှိနိုင်မယ်။ ဒါကြောင့် လူတိုင်း ကျန်းမာရေးအသိပညာရရှိရေးနဲ့ ကျန်းမာရေးစောင့်ရှောက်ရရှိခံစားခွင့်ရှိရေးကို သေချာအောင် လုပ်ပေးရုံတင်မကဘဲ ဒီလိုကိစ္စမျိုး ကြုံတွေ့နိုင်တဲ့ အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချရတဲ့ မွေးဖွားမှု၊ ဆေးကုသမှု ခံယူမှု၊ ဒါတွေ ဖြစ်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ဒီကဏ္ဍကိုလည်း သေသေချာချာ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
နောက်ထပ်တခုကတော့ ကြိုတင်တားမြစ်တဲ့အပိုင်းပါ။ အခုလို အိမ်မှာနေရင်း အိမ်တွင်းအကြမ်းဖက်မှုတွေ မြင့်တက်လာသလို မိသားစုစီမံကိန်းပြဿနာတွေလည်း တက်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့အမျိုးသမီးတွေအနေနဲ့ မိသားစုစီမံကိန်းအတွက် လိုအပ်တဲ့ ဆေးတွေကို မရနိုင်တာတော့တို့၊ အကာအကွယ်ပစ္စည်း ဝယ်လို့မရတာတို့ကြောင့် မိသားစုစီမံကိန်းတွေ ပျက်ပြီးတော့ မလိုလားအပ်ဘဲနဲ့ ကိုယ်ဝန်ဆောင်ရတာတွေ ဖြစ်လာတယ်။ မလိုလားအပ်ဘဲနဲ့ အခက်အခဲတွေ ကြုံတွေ့ရတယ်။ အဲဒါကြောင့် ဆေးဆိုင်တွေ ပိတ်တာမျိုးမဖြစ်သင့်ဘူး။ ဆိုင်တွေအားလုံး ပိတ်ထားသည့်တိုင်အောင် ဒီလိုမျိုး မိသားစုစီမံကိန်းကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆေးတွေ၊ အကာအကွယ် ပစ္စည်းတွေကို လက်လှမ်းမီမီရရှိနိုင်ဖို့ စီစဉ်ပေးဖို့လိုပါတယ်။ ထောက်ပံ့ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အစိုးရအနေနဲ့ အထောက်အပံ့မပေးနိုင်သည့်တိုင်အောင် ထောက်ပံ့ပေးနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ရှိပါတယ်။ သူတို့ရဲ့ ထောက်ပံ့ပေးမှုကို လိုအပ်တဲ့ အမျိုးသမီးတွေနဲ့ မိသားစုတွေဆီ ရောက်ရှိဖို့အတွက် အစိုးရက ပူးပေါင်းဆောင်ရွက်ပြီး လမ်းဖွင့်ပေးဖို့ လိုအပ်ပါတယ်။
မေး။ ။ နောက်တခုမေးချင်တာက ခေါင်းဆောင်မှုကိစ္စနဲ့ ပတ်သက်လို့ပါ။ အခုကပ်ဘေးကို တုံ့ပြန်ဆောင်ရွက်တဲ့ နေရာမှာ အထူးသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှာ ဆိုရင်တော့ အမျိုးသမီးသူနာပြုတွေ၊ ဆရာဝန်တွေ တော်တော်များများရှိပါတယ်။ ဒါပေမဲ့ တစုံလုံးဆိုင်ရာ တုံ့ပြန်မှု၊ ပြီးတော့ စီးပွားရေးအရ လူမှုရေးအရ ဆောင်ရွက်ရတဲ့လုပ်ငန်းတွေမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို ဘယ်လိုမြင်သလဲ ခင်ဗျ။
ဖြေ။ ။ အမျိုးသမီး ဦးဆောင်မှုကဏ္ဍကို ဘယ်လိုမြင်လဲဆိုရင် နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဦးဆောင်မှုကိုပဲ ကြည့်ပြီး ပြောရမယ်ဆိုရင်တော့ အမျိုးသမီးတယောက် ဦးဆောင်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ နိုင်ငံတော် အတိုင်ပင်ခံရဲ့ပါဝင်မှုကို အမျိုးသမီးအားလုံးရဲ့ ပါဝင်မှုလို့ ကျနော်တို့ ပြောလို့မရဘူးလေ။ အမျိုးသမီးတယောက်က ဦးဆောင်တာ ဖြစ်တယ်။ ဒါပေမဲ့ အမျိုးသမီးများရဲ့ ပါဝင်မှုကို ဒီအချက်တချက်ထဲနဲ့တော့ ထောက်ပြလို့မရဘူး။ ဆိုလိုတဲ့အချက်က နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ ဦးဆောင်တာ ဖြစ်ပေမဲ့ အခြားသော ကျန်းမာရေး၊ ပညာရေး၊ လူမှုကယ်ဆယ်ရေးလိုကိစ္စတွေမှာ ဆုံးဖြတ်ချက်ချတဲ့အခါတွေမှာ၊ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ အမျိုးသမီးတွေပါဝင်ဖို့ လိုအပ်နေဆဲပါ။ ပရိုဂရမ်တွေ၊ ဒီစီမံချက်တွေကို ရေးဆွဲတဲ့အခါမှာလဲ အမျိုးသမီးတွေရဲ့ အသံတွေကို နားထောင်ပြီးတော့ စီမံချက်ထဲထည့်သွင်းစဉ်းစားရေးဆွဲဖို့ လိုအပ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ အဲလိုမျိုးဆွဲတဲ့နေရာမျိုးတွေ၊ စီမံချက်ချမှတ်လုပ်ဆောင်တဲ့ နေရာမျိုးတွေမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုနဲ့ ပါဝင်မှုက အရင်ကထက် တိုးတက်လာတယ်လို့ပြောနိုင်ပေမဲ့ ပိုမိုကောင်းမွန်ဖို့ လိုနေပါသေးတယ်။
ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အမျိုးသမီးတွေပါဝင်တိုင်းလည်း ပြည့်စုံပြီလို့ ကောက်ချက်ချလို့လည်း မရနိုင်သေးပါဘူး။ ပြောလို့မရဘူး။ ဆုံးဖြတ်ချမှတ်လိုက်တဲ့ ပေါ်လစီတွေက ကျား-မ တန်းတူညီမျှရေးသာမကဘဲ ကျား-မ သာတူညီမျှ ရလဒ်တန်းတူဖြစ်နိုင်တဲ့ ရလဒ်တွေ ထွက်လာနိုင်မှ ဒါမှမဟုတ်ရင် အမျိုးသမီးတွေအတွက် အထူးလုပ်ဆောင်ပေးရမယ့် အချက်တွေကို ဖော်ဆောင်ပေးနိုင်မှ ဖြစ်မှာပါ၊
မေး။ ။ အခုလက်ရှိ ကိုဗစ် ကူးစက်ပြန့်ပွားမှုနဲ့ပတ်သက်လို့ သတင်းစကားတွေပေးတယ်၊ ဆက်ဆံပြန်ကြားရေး ကိစ္စတွေ လုပ်ကြပါတယ်။ အဲဒီမှာရော ဒီအန္တရာယ်တွေနဲ့ ပတ်သက်လို့ သတင်းပေးတဲ့အခါမှာ အမျိုးသမီးတွေဆီကို ပစ်မှတ်ထားပြီးပေးတဲ့ ကိစ္စတွေက ဖြစ်နေရဲ့လား။
ဖြေ။ ။ လောလောဆယ် ပညာပေးမှုတွေကို ကြည့်ရင်တော့ လူအားလုံးကို ရည်ရွယ်တဲ့ ပညာပေးမှုမျိုးကိုပဲ တွေ့ရတယ်။ အမျိုးသမီးတွေကို ထူးထူးခြားခြား ရည်ရွယ်ပြီးတော့ ထုတ်တာမျိုးတွေ၊ အမျိုးသမီးတွေအတွက်ပါဆိုပြီး သီးသန့်ထုတ်တာမျိုးတွေ မတွေ့မိသေးဘူး။ အမျိုးသမီးဖြစ်ခြင်းကြောင့် ရင်ဆိုင်ရတဲ့ စိမ်ခေါ်မှုတွေနဲ့ ကျရောက်တတ်တဲ့ မတူညီတဲ့ အန္တရာယ်တွေအကြောင်း အမျိုးသမီးတွေကို ရည်ရွယ်ပြီး ပညာပေးသင့်ပါတယ်။ ကျန်းမာရေးဆိုင်ရာ အသိပေးကြေညာချက်တွေ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထုတ်ပြန်ချက်တွေကို လူတိုင်းသိရှိနိုင်ဖို့ အရေးကြီးပါတယ်။ လူထုလို့ပြောပေမဲ့ လူထုကြားထဲမှာ ကျား-မအရ မတူညီသော၊ လူမျိုးအရ မတူညီသော၊ ဘာသာစကား အရ မတူညီသော၊ သန်စွမ်းမှုအရ မတူညီသော လူထုအလွှာ အမျိုးမျိုးရှိပါတယ်။ ကွဲပြားခြားနားမှုတွေ အများကြီးရှိပါတယ်။ ဒီလိုမတူညီတဲ့ လူထုအလွှာအသီးသီးကို သတင်းစကားတွေ လက်လှမ်းမီအောင် သတိထားလုပ်ဆောင်တာမျိုးအတွက် ပြင်ဆင်ထားတာတော့ သိပ်မတွေ့ရသေးပါဘူး။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။
Healthcare System တခုလုံးမှာ အားနည်းချက်ကလေး တွေရှိတယ်။ ဒါတွေကိုလည်း ကျနော်တို့က Systems thinking ပေါ့နော်။…
စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှု၊ အရက်ပြဿနာ၊ မူးယစ်ဆေးဝါး ပြဿနာ ဒါတွေဟာ ကျေးလက်မှာ တော်တော့်ကို ကြီးကြီးမားမား ရှိနေတယ်။…
မဟုတ်ရင် Silent Carrier တွေများလာနိုင်ပြီး ပိုပြီးတော့ အန္တရာယ်ရှိလာမယ်။ ပြည်ပအရပ်ရပ် တရုတ်ပြည်ကဖြစ်ဖြစ်၊ မလေးရှားကဖြစ်ဖြစ်၊ ထိုင်းကဖြစ်ဖြစ်…
ဗဟုသုတရစေပါတယ်