ဒေါက်တာဖေသက်ခင်အားမေးမြန်းခြင်း
Healthcare System တခုလုံးမှာ အားနည်းချက်ကလေး တွေရှိတယ်။ ဒါတွေကိုလည်း ကျနော်တို့က Systems thinking ပေါ့နော်။…
အယ်ဒီတာမှတ်ချက် ကိုမြအေးသည် ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစု (FDF) ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်ဖြစ်သည်။ ကိုမြအေးကို ဧပြီ ၁၀ ရက်က ဆက်သွယ်မေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အင်တာဗျူး အဖြေများတွင်ပါဝင်သော ကိန်းဂဏန်း၊ အချက်အလက်များသည် ဧပြီ ၁၀ ရက်မတိုင်ခင်က အခြေအနေများကို ထင်ဟပ်ဖော်ပြထားခြင်း ဖြစ်ကြောင်း သိစေအပ်ပါသည်။
မေး – အစ္စလာမ်ဘာသာဝင်တွေလည်း ခုချိန်မှာ စုရုံးပြီး ဝတ်ပြုဆု တောင်းတာတွေကို ရပ်ထားရတာ ဖြစ်သလို၊ မကြာခင်မှာဆို ဥပုသ်ကာလ ရောက်လာတော့မှာပါ။ ဒီနေရာမှာ သိချင်တဲ့ အပိုင်း နှစ်ခုရှိပါတယ်။ အကိုတို့ Community အတွင်း ဒီ ကပ်ဘေးကို ရင်ဆိုင်ရတဲ့အခါ နာမ်ပိုင်းဆိုင်ရာပဲ ဖြစ်ဖြစ် အထောက်အကူပြုအောင် ဘာတွေလုပ်နေသလဲ။ တဖက်ကတော့ ထောက်ပံ့ကူညီမှုပေါ့။ ဘယ်လို ပံ့ပိုး ကူညီမှုတွေ ရှိနေသလဲဆိုတာကို သိချင်ပါတယ်။
ဖြေ – အဓိကက ကျနော်တို့မှာ နှစ်ပိုင်း ခွဲလိုက်တာပေါ့။ အရင်ဦးဆုံး ဘာလုပ်ရလဲဆိုတော့ သိတဲ့အတိုင်းပဲ၊ ကျနော်တို့ Community မှာ ဘာသာရေးနဲ့ ပတ်သက်ရင် Progressive တွေ ရှိသလို၊ Conservative တွေလည်း ရှိတယ်။ ဆိုတော့ ဒီဟာက လူစုလို့ရှိရင် ကူးစက်လွယ်တဲ့ ရောဂါဆိုတာ ပြောရတယ်။ ဘာလို့ဆို ကျနော်တို့ရဲ့ ဘာသာရေး ထုံးစံအရ တနေ့ကို ငါးကြိမ် ဝတ်ပြုရတာ ရှိသလို၊ သောကြာနေ့ကျရင်လည်း စုရုံးပြီး ဝတ်ပြုရတာ ရှိတယ်။ ပထမဆုံးက ဘာသာရေး အဖွဲ့ အစည်းကြီးတွေကို ချိတ်ဆက်ပြီး အကြိမ်ကြိမ် အစည်းအဝေး ထိုင်ရတယ်။ ဒီ Covid-19 ကိစ္စက အရေးကြီးတာကြောင့် ကိုယ့်အိမ်မှာ ကိုယ်ဝတ်ပြုဖို့ အရင် Public ကို Request လုပ်ရတာပေါ့။ ကံအားလျော်စွာပဲ မင်္ဂလာတောင်ညွန့်၊ ၁၀၁ လမ်းမှာ ဖြစ်ခဲ့တဲ့ Case က မွတ်ဆလင် ဘာသာဝင်တွေ ဖြစ်နေတဲ့အခါကျတော့ လူတွေရဲ့အသိဟာ မြန်မြန်ဆန်ဆန် နိုး သွားတယ်လို့ ပြောလို့ရတယ်။ အဲဒီတော့ ဝတ်ပြုတဲ့ ကိစ္စမှာ လူနည်းအောင် ဂေါပကနဲ့ ဗလီရှေ့ဆောင်ကလွဲရင် ကျန်တဲ့ လူတွေ အိမ်မှာပဲ ဝတ်ပြုဖို့ ဖန်တီးနိုင်ခဲ့တယ်။ ဒါကို အရင် ဦးဆုံး စလုပ်ရတယ်ဗျ။
နောက်တချက်က ဒီကိစ္စဟာ လူမျိုးတခု၊ ဘာသာတခုနဲ့ သက်ဆိုင်တာ မဟုတ်ဘူး။ ကျနော်တို့ နိုင်ငံဟာ ဆင်းရဲတယ်။ ဆင်းရဲတဲ့ အတွက်ကြောင့် နိုင်ငံမှာရှိတဲ့ လူသားအားလုံးနဲ့ သက်ဆိုင်တယ်။ ကျနော်တို့ အားလုံးနဲ့ သက်ဆိုင်တဲ့ အရေး ကိစ္စဖြစ်တယ်။ ဒီကိစ္စမှာ မွတ်ဆလင် Community ထဲမှာ ရှိတဲ့ ဘာသာရေး အဖွဲ့အစည်းကြီးတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ အသီးသီးက ကိုယ်နိုင်တဲ့ဝန်ကို အားလုံး ကျရာ ကဏ္ဍက ဝိုင်းထမ်းကြဖို့ လိုမယ်။ အချို့ကလည်း လှူဒါန်းကြတယ်။ အချို့ကလည်း Quarantine Center တွေမှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကူညီတာတွေ ရှိသလို၊ အချို့ကျတော့လည်း ဝေဘာဂီမှာရှိတဲ့ လူနာတွေ ထမင်းစားနိုင်ဖို့ကို ဆောင်ရွက် ကူညီ ပေးနေတာတွေလည်း ရှိတယ်။ အဲဒီလိုမျိုး အပြန့်လိုက် ကွဲသွားတယ်။ နောက် လုပ်ငန်းရှင်တွေဘက်မှာဆိုလည်း ဟိုတယ်ပိုင်တဲ့သူက ဟိုတယ်တွေကို ပေးအပ်ဖို့။ နောက်ဆုံး လိုအပ်ရင် ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ၊ နိုင်ငံတော်က သုံးစွဲဖို့လိုလာရင် ကျနော်တို့ဘက်က အဆင်သင့်ပဲ ဆိုတဲ့ ပုံစံမျိုးပါ။ စိတ်ဓာတ်ပိုင်းဆိုင်ရာကတော့ ပွင့်ပွင့်လင်း လင်းပြောရရင် ကျနော်တို့ရဲ့ ယုံကြည်ချက်က ဘုရားသခင် ဆီမှာ ဆုတောင်းရမယ်ဆိုတဲ့ ယုံကြည်ချက်ပဲ ရှိတယ်။ တကယ်တမ်း ဒါက ကာကွယ်ဆေးလည်း မရှိဘူး၊ ကုသဆေး လည်း မရှိဘူး။
မေး – အခုအချိန်မှာ အစိုးရရော လူတဦးချင်းစီကပါ ကောင်းမယ် ထင်တာတွေ လုပ်နေကြတာပါပဲ။ လုပ်ရင်းလုပ်ရင်းနဲ့ မှားတာ တွေလည်း ရှိမယ်၊ မှန်တာတွေလည်း ရှိမယ်၊ ပိုကောင်းလာ တာတွေလည်း ရှိမယ်။ ဒီအခြေအနေကြီးက ကာလလည်း ရှည်မယ်၊ ထိန်းချုပ်ဖို့လည်း ခက်နေသေးတော့ အကိုက ဒါကို လေ့လာနေသူလည်း ဖြစ်တယ်၊ ကိုယ်တိုင်ဝင်ကူဖို့ အသင့်ရှိနေ သူတဦး ဖြစ်နေတော့ အခုအခြေအနေကနေ ပိုကောင်း အောင် မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက် သုံးခုလောက် ပြောပေးပါဆိုရင် ဘာတွေဖြစ်မလဲ။
ဖြေ – အဓိကကတော့ အရင်ဦးဆုံး တနိုင်ငံလုံး တပုံစံတည်း ဖြစ်ဖို့ လိုမယ်လို့ ကျနော်မြင်တယ်။ အခုက ရွာတွေမှာ တရွာတပုဒ် ဆန်းဆိုသလို၊ တိုင်းနဲ့ပြည်နယ် အားလုံးလည်း မတူဘူး။ အခုတော့ အစိုးရက တူအောင်လုပ်မယ်လို့ ပြောတာတွေ ရှိတယ်။ တခုတော့ ရှိတယ်ဗျ။ ဒီပြဿနာကို ဖြေရှင်း တဲ့အခါ ကျနော်တို့နိုင်ငံမှ မဟုတ်ဘူး၊ တကမ္ဘာလုံးမှာ ရှိတဲ့ နိုင်ငံတွေက ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ အတွေ့အကြုံ ဘယ်သူ့မှာမှ မရှိသေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ နိုင်ငံမှာ တပုံစံတည်း ဖြစ်ဖို့ လိုမယ်ဗျ။ ကျနော်မြင်တာကတော့ အခုဟာက Quarantine ကလည်း ၁၄ ရက်လား၊ ၃၂ ရက် လား၊ ၂၁ ရက်လား ဆိုတာတောင် ဘယ်သူမှ မဆုံးဖြတ်နိုင် သေးဘူး၊ တကမ္ဘာလုံး အတိုင်းအတာနဲ့။ ကျနော်တို့ဆီမှာ တော့ ၁၄ ရက်ပေါ့။ တိတိကျကျပေါ့၊ Quarantine ထားတဲ့ ပုံစံတွေက ရွာတွေမှာရော တိတိကျကျ ဖြစ်ဖို့လိုမယ်။ နောက်တချက် ကျနော်စိတ်ဝင်စားတာက ဖြစ်ပေါ်လာတဲ့ Social Impact တွေပေါ့။
နံပါတ်တစ်က လူနာတွေဟာ အကြဉ်ခံပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ No blame, No shame ဖြစ်သင့်တယ်။ မင်းတို့ ကြောင့် ငါတို့ ကူးတယ်ဆိုရင် ကျနော်တို့က လူ့အဖွဲ့အစည်းထဲမှာ ပဋိပက္ခကလွဲလို့ အဖြေရှိမှာ မဟုတ်ဘူး။ လူနာတွေကို ကျနော်တို့က စနစ်တကျ မကူးစက်အောင်တော့ ပြင်ဆင်ရမယ်။ ဒီလူနာတွေကို ကျနော်တို့က စိတ်ဓာတ် ရေးရာအရ ပြန်ပြီး ပံ့ပိုးပေးရင်းနဲ့ ကျနော်တို့ရဲ့ စိတ်ဓာတ်ကိုလည်း ပြန် မြှင့်တင်ရမှာလို့ မြင်တယ်။
နံပါတ်နှစ် အချက်ကတော့ နည်းနည်း အရေးကြီးသွားပြီ။ အဲဒါကဘာလဲဆိုတော့ အထူးသဖြင့် ရန်ကုန်၊ မန္တလေးပေါ့ ဗျာ၊ ဒါက မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နေတဲ့ မြို့တွေဖြစ်တယ်။ ကိုရိုနာဗိုင်းရပ်စ်က နှစ်လနဲ့ပြီးမှာလား၊ သုံးလနဲ့ပြီးမှာလား၊ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး။ မခန့်မှန်းနိုင်တော့ ကာလကြာရှည်ကြီး Lockdown ချသင့်တာလည်း ချရမယ်။ မချရဘူးလို့ မဆိုဘူး။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် အောက်ကနေ ကာလကြာရှည်ကြီး ကျနော်တို့နိုင်ငံရဲ့ စီးပွားရေး ဘဝကို ဘယ်လို ရုန်းကန်မလဲဆိုတာ အရေးကြီးတယ်လို့ မြင်တယ်ဗျ။ ဆိုပါစို့ဗျာ၊ ဆိုင်တွေကတော့ ပိတ်ရမယ်၊ မပိတ်ရဘူးလို့တော့ မဆိုလိုဘူး။
သို့သော် ဒီ ဗိုင်းရပ်စ်က ကုသဆေးရော၊ ကာကွယ်ဆေးရော မတွေ့မချင်း ရင်ဆိုင်ရဦးမှာ။ ကျနော်တို့နိုင်ငံ နဂိုကတည်းက ဆင်းရဲတယ် ဆိုတဲ့ အခါကျတော့၊ နိုင်ငံကြီးတွေတောင် အလူးအလဲ ခံနေရတဲ့အချိန်မှာ ကျနော်တို့ ပိုဆိုးသွားလိမ့်မယ်။ အထူးသဖြင့် စီးပွားရေးအပိုင်းပေါ့။ လူတွေရဲ့ လူနေမှုဘဝမှာလည်း ငတ်ရင်လည်း ငတ်ဦးမယ်၊ အငတ်တော့မခံနိုင်ဘူး၊ ကူးရင်လည်း ကူးပါစေ၊ သေရင်လည်း သေပလေ့စေ ဆိုတဲ့ စိတ်တွေက အချို့မှာ ရှိနေကြတယ်။ အဲဒီတော့ ကျနော်တို့က လူတွေကို ၁၀ဝ ရာခိုင်နှုန်း မလည်ပတ်နိုင်ရင်တောင် ၃၀ – ၃၅ ရာခိုင်နှုန်းလောက် လည်ပတ်နိုင်မယ့် မြို့ပြလူနေမှုစတိုင်ကို ဘယ်လို ပြောင်းယူမလဲဆိုတာကို စဉ်းစားသင့်တယ်လို့ ကျနော် မြင်တယ်။ ဥပမာအားဖြင့်ဗျာ ဆိုင်တွေဖွင့်မယ်၊ ဘယ်နှပေအကွာ ကနေဆိုတဲ့ ကိစ္စမျိုး။ လူတွေအကုန်လုံးကို Mask တပ်ခိုင်းပြီး တော့ သွားခိုင်းမယ်။ လိုအပ်လို့ရှိရင် လက်ဆေးတဲ့နေရာ တွေကိုတော့ တမြို့လုံး လုပ်နေကြပါပြီ။ ရှိပြီးသားလည်း ဖြစ်လာပါပြီ။ ကျနော်တို့ အဲဒီလိုဟာလေးတွေနဲ့ ဘယ်လို Run မလဲ။ အစိုးရယန္တရား အပါအဝင်ပေါ့။ အဲဒီစတိုင်ကို စဉ်းစားရမယ်။ ဘာလို့ဆိုတော့ ရန်ကုန်စီးပွားရေး သေရင် တနိုင်ငံလုံး စီးပွားရေး သေသွားလိမ့်မယ်။ နောက်တခုက မိုးဝင်မယ် ဆိုရင် တောင်သူတွေက လုပ်ငန်း ပြန်လုပ်ရတော့မှာလေ။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ တောင်သူတွေကို ဘယ်လိုမျိုး Support လုပ်ယူမလဲ။ အဲဒါတွေက Policy ပိုင်းဆိုင်ရာမှာ စဉ်းစားသင့်တယ်လို့ ကျနော်မြင်တယ်ဗျ။ ရေရှည်သွားမယ် လို့ ကျနော်ထင်တယ်။ ဒါဟာ တလ၊ နှစ်လနဲ့ ပြီးသွားမှာ မဟုတ်ဘူး။ နောက်တခုက ပြီးသွားလည်း ပြန်ဖြစ်နိုင်တဲ့ ကိစ္စမျိုး ဖြစ်နေလို့လေ။
နောက်တခုက Supporting ပိုင်းပေါ့။ အခု Supporting ပိုင်းက ကောင်းတယ်။ အစိုးရက ဘယ်တုန်းကမှ အစဉ်အလာ မရှိဘဲနဲ့ လူထုကို ကူညီပေးတာ ကောင်းတယ်။ သို့သော် ပြဿနာ ရှိတာက ရပ်ကျေးတွေ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး တွေမှာ လုံးလုံးလျားလျား တာဝန်တွေသွားပုံနေတာ တွေ့ရ တယ်။ သူတို့ စာရင်းကောက်ရတယ်လေ။ ကောက်ရတဲ့ အခါမှာ မရတဲ့သူနဲ့ ရတဲ့သူ ပြဿနာတွေ အများကြီး ဖြစ်ကြ တယ်။ မလိုအပ်ဘဲ ယူတဲ့လူလည်း ရှိသေးတယ်။ လူတွေရဲ့ စိုးရိမ်ကြောက်လန့်မှုတွေက ဒီကိစ္စကို ဖြစ်ပေါ်စေတဲ့ တွန်းအားတရပ်ဖြစ်တယ်လို့ ကျနော် သုံးသပ်မိတယ်။
နံပါတ်တစ် – စိုးရိမ်ကြောက်လန့်မှုတွေ လျော့အောင် လုပ်ရမယ်။ နောက်တချက်က (အခြေခံစားနပ်ရိက္ခာ ထောက်ပံ့မှုကို) ဘယ်နှကြိမ် ကျနော်တို့ပေးနိုင်မှာလဲ။ အဲဒါ အရေးကြီးပါတယ်။ တကြိမ်တည်း ပေးလိုက်ပြီးတော့မှ ဒီတကြိမ် ကုန်သွားရင် ငတ်မှာပဲ။ အကြိမ်ကြိမ်လည်း အစိုးရက ဘယ်လိုမှ ပေးနိုင်စွမ်းမှာမဟုတ်ဘူးဗျ။ မရှိတော့ ကျနော်က ဘာ စဉ်းစားမိလဲဆိုတော့ ဟိုး မဆလခေတ် တုန်းကလို ရှိခဲ့ဖူးတယ်။ ကျနော်တို့မှာ သမဝါယမဝန်ကြီးဌာနလည်း ရှိတယ်ဗျ။ ကျနော့်သဘောဆိုရင် ရပ်ကွက်တွေ၊ မြို့နယ်တွေ မှာ သမဝါယမ ပုံစံလိုမျိုး ဆိုင်လေးတွေ ဖွင့်ပေးလိုက်စေချင် တယ်။ စားကုန်ပေါ့ဗျာ။ စားကုန်ဆိုတဲ့ ဟာကို ဈေးအပေါ ဆုံးနှုန်းနဲ့ ရောင်းပေးလိုက်မယ်ဆိုရင်၊ တကယ် လူလတ်တန်းစားနဲ့ စားနိုင်တဲ့ လူတွေကလည်း ဆန်ကြမ်း မစားပါဘူးဗျာ။ အဲဒီလို ရောင်းပေးလိုက်မယ် ဆိုရင် အခြေခံလူတန်းစား ကလည်း သူ့ရှိတဲ့ ပိုက်ဆံနဲ့ ဝယ်နိုင်ရင် ဝယ်မယ်၊ မဝယ်နိုင်ရင် ပေးနိုင်တဲ့ သူတွေဆီက သူ တောင်းပြီး ဝယ်လိမ့်မယ်။ နောက်တခုက ဝယ်နိုင်တဲ့ လူတွေကလည်း အခြေခံလူတန်းစားကို သူ့ဘာသာ သူဝယ်ပြီး ပြန် Support သွားလိမ့်မယ်။ ဒီနေရာမှာ တခုရှိတယ်။ တလကို တကြိမ်လား၊ နှစ်လကို တကြိမ် လား၊ အိမ်ထောင်စုဇယားနဲ့ သတ်မှတ်အကြိမ်အရေပဲ ရောင်းပေးမယ်ဆိုရင် ဒါဟာ Supporting လည်း ဖြစ်သလို၊ အထုတ် တွေလိုက်ဝေရတဲ့ ကိစ္စတွေလည်း ရှင်းသွားမယ်လို့ ကျနော် မြင်တယ်ဗျ။ အဓိကက လူသုံးကုန်ပစ္စည်းနဲ့ စားကုန် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တွေပေါ့ဗျာ။
မေး – နောက်ဆုံးမေးခွန်းပါ။ ဒါကတော့ အဓိက ကျနော်တို့ရွေးချယ် ထားတဲ့ကဏ္ဍနဲ့ တိုက်ရိုက် သက်ဆိုင်တယ်၊ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်အဖြေရှာမှုပေါ့။ ဘာသာတရားတိုင်းမှာတော့ အဆုံး အမတွေက ရှိကြတာပဲ။ အကိုပြောသွားသလိုပဲ ဒီအချိန်မှာ တဦးနဲ့တဦး ကွဲပြားနေတာ၊ ခြားနားနေတာ ရှိသင့်တဲ့ကာလတော့ မဟုတ်ဘူးပေါ့လေ။ လူအချင်းချင်း တယောက်နဲ့ တယောက် ရိုင်းပင်းဖို့၊ ကူညီဖို့၊ စာနာစိတ်ထားဖို့၊ လူအချင်းချင်း ကျောချင်း ကပ်မနေနိုင်ရင်တောင်မှဘဲ စိတ်ဓာတ်ပိုင်း ဆိုင်ရာအရ ကျောချင်းကပ်နေနိုင်ဖို့ အရေးကြီးတဲ့ အချိန်ကာလ ဖြစ်သွားပြီ။ အကိုတို့ရဲ့ ဘာသာတရား အဆုံးအမမှာ ရော ဒီလိုမျိုးလုပ်ဆောင်ဖို့ တိုက်တွန်းချက်က ဘယ်လိုရှိမလဲ။ ဘာသာတရားနဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်အဖြေရှာမှုကို ဘယ်လို အထောက်အကူဖြစ်အောင် လုပ်နိုင်မလဲဆိုတာ အကို့ အမြင်ကို သိချင်ပါတယ်။
ဖြေ – ကျနော်တို့ ဘာသာတရားရဲ့ တိုက်တွန်းချက်မှာ လူသားတွေရဲ့ ကောင်းကျိုးကို ဆောင်ရွက်တဲ့ ကျင့်ဝတ်က အကောင်းဆုံးသော ဘာသာရေး ဖြစ်စဉ်ဖြစ်တယ်ဆိုတဲ့ အချက်က ရှိပြီးသားပါ။ အကောင်းဆုံးနဲ့ အမွန်မြတ်ဆုံး ဖြစ်ပါတယ်။ ဒီကိစ္စမှာ စိုးရိမ်ထိတ်လန့်မှုတွေ၊ Social Impact တွေ အများကြီး ဖြစ်လာတာ ရှိပေမယ့်လည်း တခုကောင်းတာက ဒီကာလမှာ လူလူချင်း ကွဲပြားခြားနားတာ မရှိဘူး။ လူလူချင်း ကျောချင်း ကပ်ရမယ်ဆိုတဲ့ အသိကတော့ ဘာသာတရားကို ကိုးကွယ်တဲ့ လူအသီးသီးမှာ အဲဒီစိတ် ရှိသွားတယ်။ စုန်းပြူးအချို့က လွဲရင်ပေါ့။ ဒီကိစ္စက နိုင်ငံတော်ရဲ့အရေးဖြစ်တယ်၊ တနည်းအားဖြင့် တကမ္ဘာလုံးရဲ့ အရေး ဖြစ်တယ်ဗျ။ ကျနော်တို့ အစ္စလာမ်ဘာသာမှာ လူမျိုး ဘာသာ မခွဲခြားဘဲ၊ ကျနော်တို့မှ မဟုတ်ပါဘူးဗျာ၊ ဘာသာရေးဆိုတာ ပြောစရာ မလိုတော့တဲ့ အချိန်လို့ ကျနော်ထင်တယ်။ အကုန်လုံးက ဝိုင်းကူနေကြတာဗျ။ တကယ်လည်း ကြည်နူးဖို့ကောင်းပါတယ်။
ချုံ့လိုက်ရင်တော့ဗျာ။ ဒီရောဂါက ပျောက်ဖို့၊ ကင်းဖို့ အရေးကြီးတယ်။ မပျောက်ကင်းဘဲ ရေရှည်ဆက်သွားနေရင် လူမှုစီးပွားဘဝ ကျပ်တည်းမှု အထွေထွေက ကျနော်တို့ရဲ့ လူနေမှုပုံစံရော၊ တိုင်းပြည်ရဲ့ပုံစံကိုပါ ပျက်သွားအောင် ဖျက်လိုက်နိုင်တယ်လို့ ကျနော်မြင်တယ်။ ဒီနေရာမှာတော့ ရောဂါပျောက်ကင်းရေးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကုသပေးမှု တွေ၊ အားနည်းချက်တွေ ဘယ်လောက်ပဲရှိရှိ၊ ဒီဟာကိုလည်း ကောင်းဖို့မျှော်လင့်တယ်။ အားလည်းအားထားတယ်။ နောက်တခုကတော့ ကျနော်တို့က ဘာသာရေးအရ ဘယ်ကိစ္စမဆို ဘုရားသခင်ကို တိုင်တည်ပြီးမှ ဖြေရှင်းတတ်တဲ့ သဘာဝရှိပြီးသားဆိုတော့ ကျနော်တို့ ဘုရားသခင်ကို ဆုတောင်းရုံမှလွဲပြီး အခြားမရှိသေးပါဘူးလို့ပဲ ချုပ်ပြီးပြောရ မှာပေါ့ဗျာ။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။
Healthcare System တခုလုံးမှာ အားနည်းချက်ကလေး တွေရှိတယ်။ ဒါတွေကိုလည်း ကျနော်တို့က Systems thinking ပေါ့နော်။…
အမျိုးသမီးတွေကတော့ အိမ်ထောင့် တာဝန်ထမ်းရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် သာမန်ကျန်းမာရေးအပူတွေတင်မကဘဲ အမျိုးသမီးတွေမှာ အိမ်ထောင်နဲ့ ပတ်သက်ပြီးတော့ ငွေကို ဘယ်လိုမျိုးလောက်အောင်သုံးရမလဲ၊…
စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှု၊ အရက်ပြဿနာ၊ မူးယစ်ဆေးဝါး ပြဿနာ ဒါတွေဟာ ကျေးလက်မှာ တော်တော့်ကို ကြီးကြီးမားမား ရှိနေတယ်။…
Discussion about this post