Menu & Search

နိုင်အောင်မငေးအား မေးမြန်းခြင်း

May 28, 2020

မေး။           မွန်ပြည်သစ်ပါတီအနေနဲ့  ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး အစိုးရ၊ တပ်မတော်တို့နဲ့  ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို သိချင်ပါတယ်။ 

ဖြေ ။          ။ ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက သုံးပိုင်း ရှိတယ်ဗျ။ ပြည်နယ်အစိုးရနဲ့ ပူးပေါင်း  ဆောင်ရွက်မှုက တပိုင်း၊ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မှုက တပိုင်း၊ နောက်ပြီး အစိုးရက ဖွဲ့စည်းထားတဲ့ ညှိနှိုင်းရေးကော်မတီနဲ့က တပိုင်းပါ။ ပြည်နယ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘာပဲလုပ်လုပ် ပြည်နယ်အစိုးရ ရဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကတဆင့် သူတို့က အကြောင်းကြားတယ်။ အကောင်အထည်ဖော်မှုတွေ လုပ်ကြတယ်။ အများဆုံးကတော့ ကုသရေးပိုင်းမှာဆိုရင် ကျနော်တို့က လုံနယ်ဝန်ကြီးကတဆင့် သက်ဆိုင်ရာ မြို့နယ် ကျန်းမာရေးဌာနနဲ့၊ ဆေးရုံနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံးပို့ဆောင်နိုင်အောင်၊ နောက်ပြီး ကျနော်တို့ ပို့တဲ့ လူနာကို အမြန်ဆုံးလက်ခံပြီးတော့ စီစဉ်ဆောင်ရွက်ပေးဖို့ ကိစ္စတွေပါ။ ဥပမာဆိုရင်  ရေးမြို့ဆေးရုံကတဆင့်  မော်လမြိုင်ဆေးရုံကို ပြောင်းပြီးတော့ ကုသတဲ့ပုံစံမျိုးပါ။ အဲဒါကိုလည်း လုံနယ်ဝန်ကြီးကတဆင့် ပြည်နယ်အ စိုးရအစီအစဉ်နဲ့ လုပ်ထားတာ ရှိပါတယ်။ ပြည်နယ်အစိုးရကလည်း ကျနော်တို့ကို ကိုဗစ်ဆိုင်ရာ ကူညီ  ထောက်ပံ့မှုပစ္စည်းတွေ ပေးထားတာ ရှိပါတယ်။ နောက်ပြီး လွှတ်တော်ကိုယ်စားလှယ်ကတဆင့်၊ မွန်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌကတဆင့်လည်း ကျနော်တို့ ဒေသကို လာပြီးတော့ ကူညီပံ့ပိုးမှုတွေ ရှိပါတယ်။ ဒါကတော့ ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်အဆင့် ပူးပေါင်းဆောင်ရွက်မှုတွေပါ။

နောက်တခုက တပ်မတော်အခန်းကဏ္ဍပါ။ တပ်မတော်ဘက်ကကျတော့ ကျနော်တို့ သွားလုပ်တဲ့ ပညာပေးရေး အစီအစဉ်တွေရယ်၊ အဲဒါတွေက လက်ဆေးဖို့ ကိစ္စ၊ Hand Gel သုံးဖို့ ကိစ္စ၊ အဝင်အထွက်ကိစ္စတွေကိုပါ။ အဲဒါ  တွေကို ဘယ်လိုစိစစ်မယ်ဆိုတာပါ။ အစိုးရအုပ်ချုပ်မှုနေရာတွေထဲမှာ ကျနော်တို့ တခါတလေ ပညာပေးမှု သွားလုပ်တာ ရှိတယ်၊ အကူအညီပေးမှု သွားလုပ်တာ ရှိတယ်။ အဲဒါတွေကို သက်ဆိုင်ရာ တပ်မတော် တပ်ရင်း တပ်ဖွဲ့တွေကို အကြောင်းကြားပြီးတော့ လုပ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး  အောင်စိုးက ကျနော်တို့ကို တွေ့ဆုံတယ်။ ဘာအကူအညီပေးရမလဲဆိုတာ ကျနော်တို့ ပြောကြတယ်။ လိုအပ်တဲ့ အကူအညီတွေကို ကျနော်တို့ တင်ပြတယ်။ ပထမဆုံးအနေနဲ့ ပြီးခဲ့တဲ့ ၁၆ ရက်နေ့မှာ သိန်းတရာနီးပါး ရှိတဲ့ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေဖြစ်တဲ့ Hand Gel တွေ၊ PPE ဝတ်စုံ ၂၀၀၊ လက်ဆေးဆပ်ပြာရည်၊ ပိုး သတ်ဆေးရည်စတာတွေကို ကာကွယ်ရေးဦးစီးချုပ်က ကျနော်တို့ကို ပေးထားတာတွေပါ။ အဲဒါတွေကို ရတခမှာ ကျနော်တို့ လက်ခံယူခဲ့တယ်။ နောက်ပြီး ကျနော်တို့က ဒီဒေသမှာရှိတဲ့ ပြည်သူလူထုရဲ့ အခက်အခဲကို  ကျော်ဖြတ်ဖို့အတွက် ပံ့ပိုးပေးပါလို့ တင်ပြထားတာ ရှိတယ်။ ဒါကတော့ ဘယ်တော့ ပေးမယ်မသိဘူး။ အခုထိတော့ ပေးလာတာတော့ မရှိသေးပါဘူး။

နောက်ပြီး နိုင်ငံတော်က ဖွဲ့စည်းထားတဲ့ ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်တဲ့ ညှိနှိုင်းရေးအဖွဲ့နဲ့ ပြီးခဲ့တဲ့ ၁၂ ရက်နေ့က ကျနော်တို့ တွေ့တယ်။ တွေ့တဲ့အခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကိစ္စ၊ ကုသလူနာကို ဘယ်လိုပို့ဖို့ စီစဉ်မလဲကိစ္စ၊ နောက်ပြီး ကျနော်တို့ အချင်းချင်း ခရီးသွားရာဇဝင်တွေ Format တူညီဖို့ ကိစ္စ၊ ပြည်ပကနေ ဝင်လာတဲ့သူတွေကို ဘယ်လိုအစီအစဉ်နဲ့ ထားရှိသလဲ၊ ပြီးတော့ Quarantine ကို ဘယ်လို ထားလဲရယ် စစ်ဆေးဖို့ အစီအစဉ် ဘယ်လိုရှိလဲရယ် အဲဒါတွေကို ကျနော်တို့ ဆွေးနွေးကြတယ်။ နောက်ပြီး နိုင်ငံတကာအကူအညီကို ကျနော်တို့ ဘယ်လိုလုပ် ရယူနိုင်မလဲ၊ လက်ခံနိုင်မလဲဆိုတာကိုလည်း နိုင်ငံတော်ရဲ့ အဆိုပြုချက် သုံးချက် ရှိတယ်။ အဲဒီသုံးချက်ထဲက အဆိုပြုချက် နံပါတ်တစ်ဖြစ်တဲ့ အစိုးရရယ်၊ ကျနော်တို့ရယ်၊ NGO၊ INGO သုံးဘက်ပေါင်းပြီး ဆွေးနွေးပြီးတော့ ပူးပေါင်းဆောင်ရွက်မှု အကူအညီပေးရေးကိစ္စကိုပါ။ ဒါက Project ကြီးတဲ့ ကိစ္စဆိုရင်တော့ အဲဒီလိုပုံစံနဲ့ သွားမယ်။ Project ငယ်တဲ့ ကိစ္စမှာတော့ ကျနော်တို့က လူမှုအဖွဲ့ အစည်းကနေ ရယူသွားမယ်ဆိုတာကို ကျနော်တို့ အမြင်ထားရှိခဲ့ပါတယ်။ အခုကိစ္စရော ကိုဗစ်အလွန်မှာ ဘယ်လိုကုစားနိုင်မလဲ၊ အခက်အခဲစိန်ခေါ်မှုကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာတွေ အဓိကအားဖြင့် ကျနော်တို့နေရာဆိုရင် ပြည်တော်ပြန်အလုပ်သမားတွေ အများအပြား ဝင်ရောက်လာမယ်၊ အလုပ်လက်မဲ့  ပြဿနာတွေ ရှိလာမယ်။ ကျနော်တို့ ထိန်းချုပ်ဒေသက ဆန်၊ ဆီ၊ ဆား အဓိကရိက္ခာမရှိဘူး။ ခြံထွက်ပစ္စည်း  တွေပဲ ရှိတဲ့အတွက် မိုးရာသီအမီ ဘယ်လိုစုဆောင်းမလဲ၊ ရရှိဖို့ ဘယ်လိုစီစဉ်ထားရမလဲ။ ကျနော်တို့ ဒါကို သက်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို  တင်ပြတယ်။ သက်ဆိုင်ရာ တပ်မတော်အဖွဲ့အစည်းကိုလည်း တင်ပြတယ်။ နောက်ပြီး ပြည်နယ်အစိုးရကတဆင့် ကျနော်တို့ကို နိုင်ငံတော်အစိုးရက ဝေမျှနေတဲ့ ဒီရိက္ခာတွေ ထုတ်ပေးဖို့ကိစ္စက ကျနော်တို့ ထိန်းချုပ်ဧရိယာမှာ အခုထက်ထိ ရရှိထားတာ၊ လက်ခံထားတာ မရှိသေးပါဘူး။ ကိုဗစ်ကာကွယ်ရေးပစ္စည်းပဲ ရှိတယ်။ အခြေခံရိက္ခာထုတ်ပေးထားတာ မရှိသေးတော့ ကျနော်တို့လည်း ဒီကာလကို ကျော်ဖြတ်ဖို့အတွက် တော်တော်လေးခက်ခဲတဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတော့  တောင့်ခံထား တုန်းပဲ။ အခုထိတော့ ဘာမှ အဖြေကြားတာ မရှိဘူး။ ညှိနှိုင်းရေးကော်မတီကတော့ ကျနော်တို့ကို ချိန်းထားတယ်။ လာမယ့် တနင်္လာနေ့(မေ ၂၅ ရက်)မှာ ကျနော်တို့ကို ညှိနှိုင်းရေးကော်မတီက NRPC ရုံးမှာ ကိုဗစ်ဆိုင်ရာပစ္စည်းတွေ ပေးအပ်ဖို့ ဖိတ်ထားတယ်။ ဘာပစ္စည်းတွေ ပါမလဲဆိုတာတော့ ကျနော်တို့လည်း အသေးစိတ်မသိရသေးဘူး။ အဲဒီနေ့မှာပဲ ဘယ်ပစ္စည်းတွေ ဘယ်လိုပါမလဲဆိုတာ တိတိကျကျသိရမှာပါ။

 

မေး။           တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ရော မွန်ပြည်သစ်ပါတီအနေနဲ့ ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး လုပ်ဆောင်မှုတွေမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေလဲခင်ဗျ။

ဖြေ ။          ။ ကျနော်တို့ တိုင်းရင်းသားအဖွဲ့အချင်းချင်းက ညှိနှိုင်းရေးကော်မတီနဲ့ မတွေ့ခင်ကတည်းက အစိုးရနဲ့ တွေ့တဲ့အခါကျ ဘယ်လိုပြောမလဲ၊ ဘယ်လိုမူဝါဒတွေ ချမလဲ ယေဘူယျသဘောထားတွေကို ညှိနှိုင်း တိုင်ပင်မှုတွေ ရှိခဲ့တယ်။ ဒီစစ်ဆေးရေးနေရာတွေ၊ Quarantine ထားတဲ့နေရာတွေကတော့ ကျနော်တို့ဆိုရင် KNU ရဲ့ ဒေသနဲ့ ထိစပ်မှုရှိတဲ့ ထပ်နေတဲ့ နေရာတွေ ရှိတယ်။ ဒါပေမဲ့ ကိုဗစ်အရေးမှာတော့ ဘာပြဿနာမှ မရှိပါဘူး။ နောက်ပြီးတော့ တကယ်ထပ်တဲ့နေရာကလည်း ရှိတော့ ရှိပေမဲ့ ကွဲကွဲပြားပြား ရှိတဲ့အတွက် ဒီကိစ္စကိုတော့ အငြင်းပွားမှုမရှိဘဲ အတူတူပူးပေါင်းဆောင်ရွက်ဖို့ ပြောထားကြပါတယ်။ ကိုဗစ်အပိုင်းမှာတော့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ကွဲပြားမှုမရှိဘဲ အတူတူပူးပေါင်းဆောင်ရွက်ကြပါတယ်။

 

မေး။           မွန်ပြည်သစ်ပါတီရဲ့ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုနဲ့ ဒေသတွင်း လိုအပ်ချက်တွေကိုလည်း ပြောပြပေးပါခင်ဗျ။

ဖြေ ။          ။ ကျနော်တို့က ပြီးခဲ့တဲ့ ကိုဗစ်ရောဂါစပေါ်ကတည်းက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ အစည်းအဝေးထိုင်တယ်။ ပြီးတော့ မတ်လကုန်မှာ ထိုင်ပြီးတော့ ဧပြီလမှာ ဗဟိုအဆင့် ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီတရပ်ကို ဖွဲ့စည်းလိုက်တယ်။ CEC နှစ်ယောက်နဲ့ CC တွေ၊ ကျန်းမာရေးဌာန ပညာရေး ဌာနတွေ စုဖွဲ့ပြီးတော့ ၁၆ ဦးပါတဲ့ ဗဟိုအဆင့်ကော်မတီကို ဖွဲ့စည်းလိုက်တယ်။ ဧပြီလမှာ ကျနော်တို့ ကိုယ့်ဒေသ ကိုယ့်ပုံစံနဲ့ ဒေသခံပြည်သူတွေနဲ့ ပေါင်းပြီးတော့ Quarantine ထားတဲ့နေရာတွေကို ကျယ်ကျယ် ပြန့်ပြန့် ဖွဲ့စည်းထားတယ်။ အဲဒီအခြေအနေကတော့ ကျနော်တို့က ဧပြီလကုန်မှာ ဒါကို နည်းနည်းပြန်ချုံ့ လိုက်တယ်။ တိုက်နယ်အဆင့် ထားပြီးတော့ Quarantine ထားတဲ့နေရာတွေက ၁၂ နေရာ၊ စစ်ဆေးရေးနေရာက ၁၈ နေရာထားပြီးတော့ လုပ်ဆောင်ပါတယ်။  ကျနော်တို့ရဲ့ အဓိက လုပ်ငန်းကြီး လေးရပ်ဖြစ်တဲ့ ပညာပေးရေး လုပ်ငန်းရယ်၊ သံသယ ရှိလူနာကို အချိန်မီ နီးစပ်ရာ ဆေးရုံကို ပို့ဆောင်တဲ့လုပ်ငန်းရယ်၊ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းရယ်၊ နိုင်ငံခြားက အကူအညီရော အစိုးရအကူအညီရော၊ လူမှုအဖွဲ့အစည်းရဲ့ အကူအညီရော၊ NGO အကူအညီရော၊ အကူအညီရရှိရေး လုပ်ငန်းကို ဗဟိုအဆင့်ကော်မတီအောက်မှာ အဖွဲ့ လေးခုဖွဲ့ပြီး လုပ်ထားပါတယ်။ စိန်ခေါ်မှုကြီးကြီးကတော့၊ အခုက လူမှုအဖွဲ့အစည်းနဲ့ ပေါင်းပြီး အစိုးရရော တပ်မတော်ရောကပါ ပေးထားတဲ့ပစ္စည်းတွေကြောင့် ကိုဗစ်ကာကွယ်ရေးကိစ္စမှာတော့ လုံလောက်သလောက် ရှိနေပါပြီ။ ဒါပေမဲ့ ရိက္ခာအတွက်တော့ စိုးရိမ်ပူပန်မှုက အခုထိ ရှိနေတုန်းပါပဲ။ ရိက္ခာအတွက် ထိထိရောက်ရောက် လာကူညီပေးမယ့်အဖွဲ့အစည်းက အစိုးရကအစ အခုထိ မရှိသေးတော့ ရှေ့ဆက်သွားဖို့ အခက်အခဲကြီးမားမယ်လို့ ထင်ပါတယ်။

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။

Related article
ဒေါက်တာဖေသက်ခင်အားမေးမြန်းခြင်း

ဒေါက်တာဖေသက်ခင်အားမေးမြန်းခြင်း

Healthcare System တခုလုံးမှာ အားနည်းချက်ကလေး တွေရှိတယ်။ ဒါတွေကိုလည်း ကျနော်တို့က Systems thinking ပေါ့နော်။…

ကိုဗစ်-၁၉ ကူးစက်ကာလနှင့် ကျား-မ ကွဲပြားမှု မမျှတသည့် ဝန်ထုပ်ဝန်ပိုး( ဦးအောင်မျိုးမင်းအား မေးမြန်းခြင်း)

ကိုဗစ်-၁၉ ကူးစက်ကာလနှင့် ကျား-မ ကွဲပြားမှု မမျှတသည့် ဝန်ထုပ်ဝန်ပိုး( ဦးအောင်မျိုးမင်းအား မေးမြန်းခြင်း)

အမျိုးသမီးတွေကတော့ အိမ်ထောင့် တာဝန်ထမ်းရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် သာမန်ကျန်းမာရေးအပူတွေတင်မကဘဲ အမျိုးသမီးတွေမှာ အိမ်ထောင်နဲ့ ပတ်သက်ပြီးတော့ ငွေကို ဘယ်လိုမျိုးလောက်အောင်သုံးရမလဲ၊…

ဒေါက်တာသောင်းထွန်းအား မေးမြန်းခြင်း

ဒေါက်တာသောင်းထွန်းအား မေးမြန်းခြင်း

စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှု၊ အရက်ပြဿနာ၊ မူးယစ်ဆေးဝါး ပြဿနာ ဒါတွေဟာ ကျေးလက်မှာ တော်တော့်ကို ကြီးကြီးမားမား ရှိနေတယ်။…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search